မြန်မာ့အလံကို ကိုင်ဆောင်ပြီး ပြိုင်ဘက် ဆိုင်းရပ်စ်ဝါရှင်တန်ကို (၅) ချီအတွင်း အလဲထိုးသတ်သွားမယ်ဆိုတဲ့ ဒေ့ဗ်

ကနေဒါ နိုင်ငံသားတစ်ယောက်ဖြစ်တဲ့ မြန်မာ့ရိုးရာ လက်ဝှေ့သမား တစ်ယောက်ဖြစ်သူ ဒေ့ဗ်က လာမယ့် နိုဝင်ဘာ (၇) ရက်နေ့ အမေရိကန် နိုင်ငံမှာ ထိုးသတ်သွားမယ့် ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲမှာတော့ ပြိုင်ဘက် ဆိုင်းရပ်စ်ဝါရှင်တန်ကို (၅) ချီအတွင်း အလဲထိုးသွားဖို့ ပြင်ဆင်ထားတယ်လို့ ကြုံးဝါးပြောဆို သွားခဲ့ပါတယ်။ အဆိုပါ စိန်ခေါ်ပွဲမှာတော့ ဒေ့ဗ်က မြန်မာနိုင်ငံ အလံကို ကိုင်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုထားခဲ့ပါတယ်။

Lethwei World Title ဟု အမည်ပေးထားခဲ့တဲ့ အဆိုပါ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲမှာတော့ အနိုင်ရရှိတဲ့ ကစားသမား အနေနဲ့ မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ယခုစိန်ခေါ်ပွဲကိုလည်း မြန်မာ့ရိုးရာ လက်ဝှေ့စည်းမျဉ်းအတိုင်း ယှဉ်ပြိုင်သွားဖို့ သဘောတူညီထားပြီး အလဲထိုး စနစ်နဲ့ ယှဉ်ပြိုင် ထိုးသတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ပြီး တစ်ချီလျှင် (၃) မိနစ်စီ ယှဉ်ပြိုင်သွားမှာ ဖြစ်သလို (၅) ချီအထိ ထိုးသတ်သွားမှာ ဖြစ်ပါတယ်။

အကယ်၍ (၅) ချီအတွင်း အရှုံးအနိုင် မဖြစ်ပေါ်ခဲ့ပါက နောက်ထပ် (၂) ချီ ဆက်လက်ထိုးသတ်သွားမှာ ဖြစ်တယ်လို့ ဒေ့ဗ်က အတည်ပြု ပြောကြားထားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့ရိုးရာ လက်ဝှေ့စည်းမျဉ်းတွေမှာ အပါအဝင်ဖြစ်တဲ့ ခေါင်းနဲ့တိုက်တဲ့ နည်းစနစ်ကိုလည်း အသုံးပြုခွင့် ပေးထားတယ်လို့ သိရပြီး လက်သီးဗလာဖြင့် ထိုးသတ်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲစဉ်မှာ ကြိုးဝိုင်းအစား Cage ကို အသုံးပြုသွားမှာ ဖြစ်ပြီး အနားတောင်းသည့် စနစ်ကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ဒေ့ဗ်က ” ဆိုင်းရပ်စ်ဟာ ပွဲပေါင်း (၁၀၀) ကျော် အတွေ့အကြုံရှိထားတဲ့ ဖိုက်တာတစ်ယောက်ပါ။ မြန်မာ့ရိုးရာ လက်ဝှေ့ဆိုရင်လည်း စောငမန်း၊ တူးတူးနဲ့ ထွန်းထွန်းမင်းတို့လို လက်ဝှေ့သမားတွေနဲ့ ယှဉ်ပြိုင်ဖူးသူ တစ်ယောက်ဖြစ်တာကြောင့် သူဟာ ကစားသမားကောင်း တစ်ယောက်ဆိုတာ ငြင်းလို့မရပါဘူး။ သူဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေအရဆိုရင် ကျွန်တော်နဲ့ ယှဉ်ပြိုင်ဖို့ အခွင့်အရေး အပြည့်ရှိတဲ့သူ တစ်ယောက် ဖြစ်ပါတယ်။

“ဒါကြောင့် ကျွန်တော့်အတွက်ကတော့ စိတ်လှုတ်ရှားစရာကောင်းတဲ့ ပွဲစဉ်တစ်ပွဲလို့ ဆိုရမှာပါ။ ဒီစိန်ခေါ်ပွဲမှာ ဆိုင်းရပ်စ်ကို အမြန်ဆုံး ပွဲသိမ်းနိုင်အောင် အလဲထိုးသွားဖို့ ကျွန်တော် ပြင်ဆင်ထားပါတယ်။ လက်ရှိ အခြေနေတွေအရ ပွဲအတွင်းမှာ ဘာတွေဖြစ်သွားမယ်ဆိုတာ ပြောဖို့ ခက်ခဲပါတယ်။ ကျွန်တော်တို့ (၂) ယောက်စလုံးဟာ အလဲထိုးစနစ်နဲ့ ယှဉ်ပြိုင်ဖူးသူတွေပါ။ မြန်မာ့လက်ဝှေ့ကို ကျွန်တော်က သူ့ထက်ပိုပြီး ကျွမ်းကျင်ပါတယ်။ ဆိုင်းရပ်စ်ကို အလဲထိုးသွားဖို့ ကျွန်တော်အနေနဲ့ အခက်အခဲ မရှိနိုင်ပါဘူး” လို့ ဆိုသွားခဲ့ပါတယ်။

Crd-Original Uploader