အချစ်ကို စတင်တွေ့ရှိချိန်ဟာ စိတ်လှုပ်ရှားကြည်နူးဖို့ကောင်းသလောက် အချစ်ကို လက်လွတ်လိုက်ရချိန်မှာ ဆိုးရွားစုတ်ဆုတ်ဖို့ကောင်းလှပါတယ်။အချစ်နဲ့ပက်သက်တဲ့အရာအားလုံးအတွက် ဖြေဆေးမရှိတဲ့ကြားထဲ အသဲခွဲခံရပြီဆိုရင်တော့ ပက်ပက်စက်စက် ခံစားရမယ်ဆိုတာ ကြုံဖူးသူတိုင်း သိပါတယ်။ ကိုယ်တိုင်မခံစားဖူးသေးရင်တောင် လူတစ်ယောက်အသဲကွဲလာတာကို မြင်ဖူးရင်ပဲ ဒီဒဏ်ရာရဲ့ အတိမ်အနက်ကို မြင်သာပါတယ်။ တစ်ခုတော့ ကြိုပြောထားပါ့မယ် “ငါ့ကိုတော့ ဟိုတစ်ယောက်က အသေရရ၊ အရှင်ရရ ချစ်နေတာပဲ။ ဒီတစ်သက် ငါအသဲကွဲမှာ မဟုတ်ဘူး” လို့တော့ မထင်လိုက်ပါနဲ့။ ကိုယ့်စိတ်တစ်ခုထဲတောင် စက္ကန့်တိုင်းပြောင်းလဲနေတာ၊ လူတစ်ယောက်က ကိုယ့်ကို ထာဝရချစ်နေဖို့ဆိုတာ ဆုတောင်းလို့လဲ ရမှာမဟုတ်ပါဘူး။
ကြိုတင်ပြင်ဆင်ထားဖို့မလိုလောက်အောင် ကိုယ့်စိတ်ဓာတ်က ခိုင်မာပြီးသားဆိုရင်တော့ ဒီစာကို ဆက်မဖတ်ပါနဲ့တော့။ဒီစာက လောလောလတ်လတ် ပူပူနွေးနွေး ကွဲအက်သွားတဲ့ နှလုံးသားပိုင်ရှင်တွေအတွက် ပိုပြီး ရည်ရွယ်ပါတယ်။ကိုယ်ချစ်ခင်နှစ်သက်ရတဲ့သူတွေ ကိုယ့်ကို ငြင်းပယ်သွားတာ၊ ကိုယ့်ကို ထားသွားတာ၊ သေဆုံးပြီး အပြီးတိုင် ခွဲခွါသွားတဲ့ အခါမျိုးမှာ လူတိုင်းအသဲကွဲတတ်ကြပါတယ်။ကျောက်သားနဲ့ ထုဆစ်ထားတာမဟုတ်တဲ့ အသဲနှစ်လုံးပိုင်ရှင်တိုင်းပေါ့။အသဲကွဲတဲ့ ဒဏ်ရာကိုကုစားဖို့ကလည်း အလျင်စလိုပျောက်စေမယ့် ဖြတ်လမ်းနည်းမရှိပါဘူး။တစ်ခုတော့ ရှိတယ် အလျင်အမြန်ပျောက်တဲ့နည်းတစ်ခု။ တချို့ အသဲကွဲသမားတွေ လုပ်တတ်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် (Suicide) ပြီး လောကကြီးကနေ အပြီးတိုင် ပျောက်ကွယ်သွားတာမျိုးပေါ့။အဲလိုလူတွေကို ကျွန်တော်တို့တွေ အပြစ်တင်လို့တော့ မရပါဘူး။ဘာလို့လဲဆိုတော့ ခေတ်အဆက်ဆက် သမိုင်းဒဏ္ဍာရီတွေပြန်ကြည့်လိုက်ရင်လည်း ကိုယ်ချစ်ရသူတွေနဲ့ ကွဲကွာရလို့ ရင်ကွဲနာကျပြီး ပွဲချင်းပြီးသေဆုံးခဲ့သူတွေလည်း ဒုနဲ့ဒေးပဲလေ။
ဒါပေမယ့် ကျွန်တော့်အနေနဲ့တော့ အခုစာကိုဖတ်နေတဲ့ အသဲကွဲပိုင်ရှင် ကိုကို၊မမ တွေကိုအကြံပေးချင်တာက “ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်းဟာ မှန်ကန်တဲ့ဖြေရှင်းနည်းမဟုတ်တာသေချာတာမို့ ” အဲဒီအချက်ကို လုံးဝထည့်မတွက်ပါနဲ့လို့ ကြိုပြောမယ်နော်။ကိုယ်တိုင် အသဲမကွဲဖူးတော့ ပြောနိုင်မှာပေါ့လို့ ခင်ဗျား ပြောချင်နေတယ်မလား?အဲလိုထင်လိုက်ရင်တော့ ခင်ဗျားအမှားပဲ။ကျွန်တော့်လို အသဲကွဲနေတဲ့သူတိုင်းအတွက် အဆင်ပြေဖို့ ဆန္ဒတစ်ခုနဲ့ ဒီစာကို ကျွန်တော်မျှဝေတာပါ။ထားပါ ကျွန်တော့်အကြောင်းက အဲလောက် စိတ်ဝင်စားဖို့မကောင်းပါဘူး။နောက်တစ်ခါ ကြုံမှ ပြောပြတာပေါ့။အခုအရေးကြီးတာက အသဲခွဲခံရတဲ့အခါ ဘယ်လို ပြန်ပြီး ဖာထေးနိုင်မလဲဆိုတာ အရင်ပြောကြရအောင်…

၁။ ရင်ဖွင့်ပါ
ကိုယ်က ယုံကြည်ရသလို၊ ကိုယ့်ကိုယုံကြည်ပေးတဲ့ သူငယ်ချင်းတွေ လူတိုင်းမှာ ရှိတတ်ပါတယ်။ သူတို့ဆီမှာ ရင်ဖွင့်ပစ်ပါ။ ငိုချင်လား ငိုပစ်လိုက်ပါ။ ထားသွားခဲ့တဲ့သူအကြောင်းပြောပြီး ဟားတိုက်ပစ်ချင်လား လုပ်ချပစ်။ အဲလိုရင်ဖွင့်ဖို့ ကိုယ့်မှာ ယုံကြည်ရတဲ့ သူငယ်ချင်း ,မရှိပါဘူးဆိုရင်လည်း အားမငယ်ပါနဲ့။ ကိုယ်ကိုယ်တိုင် တစ်ယောက်လုံးရှိပါသေးတယ်။ အရေးနဲ့အကြောင်းဆို ကိုယ်တိုင်ပဲ ရုန်းကန်ရတာပဲလေ။ ဒီတော့ ရင်ဖွင့်စရာဘယ်သူမှ မရှိပါဘူးဆိုရင်လည်း ကိုယ့်အကြောင်းကို ကိုယ့်ကိုယ်ကိုယ် ပြောပြ၊ ရင်ဖွင့်နိုင်ပါတယ်။

၂။ အလုပ်တွေရှုပ်နေပါစေ
အသဲကွဲတယ်ဆိုတဲ့ ဖီလ်လင်က ဘယ်လောက်ဆိုးလဲဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် အချိန်တိုင်း အဲဒီဖြစ်ရပ်အကြောင်းတွေးရင်းတနုံ့နုံ့ခံစားနေမယ်ဆိုရင်တော့ ကိုယ့်စိတ်ပဲ ပိုပြီးလောင်ကျွမ်းပူလောင်သွားမယ်။ ထားသွားတဲ့လူက ရောက်လာမှာမှ မဟုတ်တာ။ ဒါကြောင့် အလုပ်တွေ လုပ်ရင်း၊ လေ့လာစရာအသစ်တွေလေ့လာရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် အလုပ်ရှုပ်နေပါစေ။ အနားယူတဲ့ခါ စာအုပ် တွေဖတ်တာ၊ ကိုယ့်စိတ်ဓာတ်ကို တက်ကြွစေမယ့် သီချင်းတွေ နားထောင်တာ၊ သူ့အကြောင်းတွေးနေတာထက် ပိုပြီးအကျိုးရှိတဲ့ ဇာတ်ကားတွေကြည့်တာ၊ သစ်ပင် ပန်းမန်တွေ စိုက်ပျိုးတာမျိုးတွေပေါ့။ ကိုယ့်ကိုယ် ဝေဒနာတွေ ပေးသွားတဲ့ လူတစ်ယောက်အကြောင်း ကိုယ့်အတွေးထဲမှာ တစ်စက္ကန့်လေးမှ ဝင်ရောက်မခံပါနဲ့။

၃။ ဝေးဝေးနေပါ
ချစ်လှကြိုက်လှပါတယ်ဆိုတဲ့ အချိန်တုန်းက အပြန်အလှန်ရေးပို့ထားတဲ့ ဓာတ်ပုံတွေ၊ စာတွေကို ခဏခဏ ငေးကြည့်ရင်း ကြေကွဲနေတာမျိုးမဖြစ်စေပါနဲ့။ သူ့ရဲ့ ဖုန်းနံပါတ်က အစ သူနဲ့သွားလာဖူးတဲ့ နေရာတွေအထိ အားလုံးနဲ့ဝေးဝေးနေပါ။ ကိုယ့်ကို နာကျင်စေပြီး၊ ထားသွားတတ်တဲ့ လူမျိုးကို မင်း,မချစ်တာ သေချာပါတယ်။

၄။ ခရီးတစ်ခုထွက်ပြီးမိတ်ဆွေတွေဖွဲ့ပါ
အဆင်ပြေပြီး သွားလာလို့လွယ်ကူမယ့်နေရာသစ်တစ်ခုဆီ ခရီးထွက်ပါ။ ဒါက နေ့သစ်တစ်ခုကို ပုံမှန်လည်ပတ်စေရုံသာမက၊ ကိုယ့်ကိုယ်ကိုယ် အနားပေးနည်းတစ်မျိုးပါပဲ။ ပြီးတော့ ကိုယ့်အတွက်အရေးမပါတော့တဲ့ လူအကြောင်း ခဏခဏ တွေးနေတာကိုလည်းရပ်တန့်သွားမယ်။ နေရာသစ်မှာ မိတ်ဆွေသစ်တွေ ဖွဲ့ရင်းနဲ့ အမြန်ဆုံးပြန်လည်အသက်ဝင်လာမှာမို့ ခရီးထွက်ပါ၊ မိတ်ဖွဲ့ပါ။
၅။ အားလုံးကိုလိုက်ပြီး ဂရုစိုက်မနေနဲ့
ဒါကအရေးကြီးတယ်နော်။ အထူးသဖြင့် ကိုယ်တိုင်က ပိုချစ်ရတဲ့သူဆိုရင်ပေါ့။ ကိုယ့်ကို ထားသွားတဲ့သူကိုတောင် အချစ်ကြီးပြီး အရာရာလိုက်ပြီး စိတ်ပူနေတတ်သေးတာ။ ကိုယ်မရှိတော့လို့ သူ, အဆင်မှပြေပါ့မလားဆိုပြီးလေ။သူနဲ့ပက်သက်တာတွေကို ဘာတစ်ခုမှ ဂရုစိုက်မနေပါနဲ့၊ သူကပဲ ကိုယ့်ကိုထားသွားတာကို ကိုယ်ကသူ့အတွက် တွေးပူနေရင်တော့ မင်းထက်မိုက်တာ မရှိတော့ဘူးလို့ပဲ ခပ်ရိုင်းရိုင်းလေးပြောလိုက်မယ်။ နောက်တစ်ခု ဂရုမစိုက်ရမှာက အသဲကွဲနေတာကို အခွင့်ကောင်းယူပြီး ဖြေသိမ့်တာလိုလိုနဲ့ ပြစ်တင်ဝေဖန်ကံရဲ့ချင်တဲ့ လူမျိုးတွေ ရှိတတ်တယ်နော်။ မရှိဘူးထင်မနေနဲ့။ ကိုယ့်အပူနဲ့ကိုယ်မှ မအေးချမ်းရပါဘူးဆို နောက်ထပ်အပူတွေပေးတတ်တဲ့ လူမျိုးတွေပေါ့။ အဲလိုလူတွေကိုရော သိပ်ဂရုစိုက်မနေနပါနဲ့။

၆။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားလေးစားပါ
ကိုယ့်ကို တန်ဖိုးမထားလို့၊ အလိုမရှိလို့ ထားသွားတဲ့ လူဆီကို လုံးဝ အသနား သွားမခံနဲ့နော်။ သူက ကိုယ့်ဆီပြန်လာချင်လို့ အတင်းပြန်တောင်းပန်လာရင်တောင် ကျွန်တော်သာဆို လက်မခံဘူး(သူလည်း လာမှာမဟုတ်တော့ပါဘူးလေ)။ ဆိုလိုတာက အချစ်တစ်ခုတည်းနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမချပါနဲ့။ ကိုယ့်ကိုယ့်ကို နားလည်ပြီး လေးစားကျေနပ်နေဖို့က လူတစ်ယောက်မှာ အရေးကြီးဆုံးမို့ သူ့အပေါ် အသနားခံချင်စိတ်၊ အလျော့ပေးတတ်တဲ့ စိတ်ကိုရှောင်ပါ။

၇။ ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံပိုစိုက်ပါ
ကိုယ့်ကျန်းမာရေးအတွက် အရင်က မလုပ်ဖူးတဲ့ လေ့ကျင့်ခန်းတွေ နေ့စဉ်လုပ်တာမျိုး၊ အရင်က မချက်ပြုတ်ဘူးတဲ့ အသစ်အဆန်းဟင်းလျာတွေ ဖန်တီးပြီး ပုံမှန်စားသောက်တာမျိုးတွေလုပ်ပါ။ ကိုယ့်အလုပ်ဖြစ်ဖြစ်၊ ကိုယ်လေ့လာနေတဲ့သင်ခန်းစာတွေမှာဖြစ်ဖြစ် အရင်ကမတွေးဘူးတဲ့ စိတ်ကူးအသစ်အဆန်းတွေ၊ အတွေးအမြင်သစ်တွေနဲ့ လုပ်ဆောင် လေ့လာပါ။ လက်တွေ့ဘဝမှာ ပဲ ရှင်သန်နေပြီး ထားသွားခဲ့သူ့ ကို စိတ်ထဲကနေ “မင်းကတော့ ငါ့ကိုထားသွားတာပဲ၊ ငါကတော့ ငါ့ကိုယ်ငါ ရှာတွေ့ခဲ့ပြီ” လို့ ပြောပစ်လိုက်ပါ။

၈။ပိုကောင်းတာနဲ့ထိုက်တန်လို့ပါ
ကံတရားက မင့်ကိုအသဲကွဲစေခဲ့တယ်ဆိုရင်တောင် ဒါဟာမင်းကို ပိုပြီးသန်မာစေချင်လို့ပါ။ အသဲခွဲခံလိုက်ရတဲ့ ကာလတစ်ခုကို ဖြတ်ကျော်ပြီးတာနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာရော၊ ရုပ်ရည်သွင်ပြင်ရော အရင်ကထက် ပိုပြည့်စုံလာစေပါတယ်။ အဲဒီအခြေအနေရောက်သွားရင် တချိန်က မင်းကိုထားသွားတဲ့သူဟာ မင်းနဲ့မထိုက်တန်လို့ ဆိုတာ မြင်လာပါလိမ့်မယ်။ ကိုယ့်အပေါ်တန်ဖိုးထားတဲ့ လူတစ်ယောက်၊ သူ့ထက် စစအရာရာပြည့်စုံတဲ့ လူနဲ့ တွေ့ဆုံဖို့အတွက်ပဲ အသဲခွဲခံရတာမို့ စိတ်ဓာတ်မကျပါနဲ့။
အပေါ်က ပြောပြခဲ့တဲ့ နည်းလမ်းတွေထဲက ကိုယ်နဲ့ သင့်တော်ရာအချက်လေးတွေကို စမ်းသပ်ကြည့်ရင်း ကိုယ့်ကိုထားသွားခဲ့တဲ့ လူတစ်ယောက်ကို လမ်းမှာတွေ့ရင်ပြုံးပြနိုင်အောင် လုပ်ပစ်လိုက်စမ်းပါ။ကဲ..လောလောလတ်လတ် အသဲကွဲဝေဒနာ ခံစားနေရတဲ့ သူငယ်ချင်းတွေကိုရော mention ခေါ်သွားဦးနော်။အဆင်ပြေကြပါစေ…
Readtoday
