စိတ်တွေ အရမ်း ပင်ပန်းလာတဲ့အခါ အပြည့်အ၀ ပြန်အနားပေးနိုင်မယ့် နည်းလမ်းများ

တစ်ခါတစ်လေမှာ ဘာမှလုပ်ချင်ကိုင်ချင်စိတ် မရှိတဲ့ အခြေအနေမျိုးတွေကို ကြုံဖူးကြမှာပါ။ နေ့စဉ် တွေ့ကြုံနေရတဲ့ လူမှုရေး၊ စီးပွါးရေး၊ အချစ်ရေး၊ ပေါင်းသင်းဆက်ဆံရေး စသဖြင့် ရှုပ်ထွေးလှတဲ့ အရာတွေကြားမှာ ပိတ်မိနေရင်း အားအင်တွေ ကုန်ဆုံးလာနိုင်ပါတယ်။

ဒီတော့ ကိုယ့်ရဲ့ စိတ်ပင်ပန်းမှုလေးတွေကို ဒီလိုနည်းလမ်းလေးတွေနဲ့ အနားပေးကြည့်ပါ။

ကိုယ့်ကိုယ်ကို အချိန်ပေးပါ

ရှေ့ဆက်လျှောက်ဖို့ အားအင်တွေ ကုန်ခမ်းနေပြီလို့ ခံစားလာရတဲ့အခါ သင့်ကိုယ်သင် အနားပေးလို့ ရပါတယ်။ တစ်ချိန်လုံး ဘဝအတွက်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် မနားမနေ ကြိုးစားနေစရာ မလိုပါဘူး။ ကိုယ့်ကိုယ်ကို ခဏလောက် အချိန်ပေးပြီး ရှေ့ဆက်ဖို့ ပြန်လည်အားမွေးသင့်ပါတယ်။ ဒီလို လုပ်လိုက်တာက သင့်အတွက် ဘာလုပ်သင့်တယ်ဆိုတဲ့ ပိုကောင်းမွန်တဲ့ အတွေးတွေကိုတောင် ရလာနိုင်ပါသေးတယ်။ ဒီတော့ အရမ်းပင်ပန်းလာတဲ့အချိန်မှာ ကော်ဖီလေးတစ်ခွက်၊ စာအုပ်လေးတစ်အုပ်နဲ့ ဇိမ်ယူပြီး ကိုယ့်ကိုယ်ကို အနားပေးတာမျိုး လုပ်သင့်ပါတယ်နော်။

ခရီးထွက်ပါ

ကိုယ့်အရမ်း လမ်းပျောက်နေပြီ၊ အရမ်းလည်း ပင်ပန်းလွန်းလှပြီဆိုတဲ့ အခြေအနေမျိုးမှာ ခရီးထွက်ကြည့်ပါ။ မတူညီတဲ့ နေရာဒေသသစ်တွေက သင့်ကို စိတ်သစ်ကိုယ်သစ်နဲ့ ပြန်လည်လန်းဆန်းလာစေမှာ ဖြစ်ပါတယ်။ ခရီးလမ်းမှာ တွေ့ကြုံရတဲ့ အရာတွေက သင့်ရဲ့ အတွေးအမြင်တွေကို ပြောင်းလဲသွားစေ နိုင်ပါတယ်။ ဒီတော့ အရမ်း စိတ်တွေမွမ်းကျပ် ပင်ပန်းလာတဲ့အချိန်မျိုးမှာ ခရီးတိုလေးဖြစ်ဖြစ်၊ ခရီးရှည်ပဲဖြစ်ဖြစ် တစ်ခုလောက် သွားကြည့်ဖို့ အကြံပြုချင်ပါတယ်။

စိတ်ပျော်ရာလေးတွေ လုပ်ကြည့်ပါ

လူက အလုပ်မှာလည်း စိတ်မဝင်စားတော့ဘူး ဒါမှမဟုတ် စိတ်ဖိစီးမှုတွေ အရမ်းများနေပြီဆိုရင်တော့ ကိုယ့်စိတ်အလိုကိုလိုက်ပြီး စိတ်ပျော်ရာလေးတွေ လုပ်ကြည့်ပါ။ ဥပမာ – သူငယ်ချင်းတွေနဲ့ night out ထွက်တာမျိုး၊ စိတ်ထွက်ပေါက်တစ်ခုခု ရှာတာမျိုး၊ တစ်ခါတစ်လေ အမူးသောက်ပစ်လိုက်တာမျိုး၊ ကလပ်သွားတာမျိုး စသဖြင့် လုပ်ခွင့်ရှိပါတယ်။ ဒါဟာ ကိုယ့်စိတ်ကို ပြန်လည်ပျော်ရွှင်လာအောင် ကုသနည်းပါပဲ။ လူတွေဟာ တစ်ခါတစ်လေမှာ စိုးရိမ်မှုတွေသိပ်မထားပဲ ပျော်ရွှင်ကြည့်လို့ ရပါတယ်နော်။

#Crd