ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အနီးက စယ်လန့်ရွာလေးဟာ စောမွန်လှခေါ်မိုင်းမောဝ်ဧကရီရဲ့မွေးဖွားရာဇာတိလေးပါ။
စောမွန်လှ မွေးဖွားရာဇာတိဖြစ်တဲ့ စယ်လန့် ရွာကလေးဟာ အလွန်သာယာလှပြီး ပန်းတွေလည်း စုံလင်လှပါတယ်။
ရိုးသားတဲ့ရှမ်းလူမျိုးတွေရဲ့ ရွာဖြစ်ပြီး စယ်လန့်သူတွေ ချောတယ် ဆိုတာကတော့ ခုချိန်ထိ နာမည်ကြီး တုန်းဖြစ် ပါတယ်။
လွန်ခဲ့တဲ့နှစ် တစ်ထောင်ကျော်ခန့် ကတည်းက ကြီးကျယ် စည်ကားခဲ့တဲ့ မောရှမ်းဘုရင်တို့ စိုးစံခဲ့ရာ စယ်လန့်ရွာရှိ နန်းတော်ဟောင်းနေရာ ဟာ ခုချိန်မှာတော့ ဘုရားကျောင်းကန် စေတီပုထိုးတွေ တည်ထားပြီ ဖြစ်ပါတယ်။

(မိုင်းမောဝ်)ဆိုတာကတော့တကောင်း ပြည်ကြီးကို စဉ်ဆက်မပြတ် တည်ထောင်ခဲ့တဲ့ သာကီဝင်မင်း ၃၃ ပါးရဲ့ နောက်ဆုံးမင်း ဘိန္နက ရာဇာရဲ့ ညီတော်ရင်း ဘိန္နကာရာဇ်မင်းဟာ တရုတ်တို့ရဲ့ ရန်ဘေးကြောင့် ‘မလည်’ အရပ်ကို တိမ်းရှောင်ခဲ့ရပါတယ်။
အဲဒီကနေ ဧရာဝတီမြစ် အရှေ့ဘက်၊ ရွှေလီမြစ်ရဲ့ လက်ယာဘက်မှာ ပြန့်ပြူးညီညာတဲ့ မြေပြင်ဒေသမှာ ‘မောဝ်ပြည်’ကို တည်ထောင်ခဲ့ပြီး၊ မောဝ် ၉ ပြည်ကို တည်ထောင် ခဲ့ပါလို့ဆိုကြပါတယ်။
‘မိုင်း’ဆိုတာ ‘ရွာ’သို့မဟုတ် ‘မြို့’လို့ အဓိပ္ပာယ်ရလေတော့ ‘မိုင်းမောဝ်’ဆို သော ‘မောဝ်ရှမ်းတို့ဌာနေ’လို့ပဲ ဆိုရမှာပါ။
စောမွန်လှဆိုတာ မိုင်းမောဝ်စော်ဘွားကြီးတပါးဖြစ်တဲ့ စဝ်ခွန်တွံ(သို့) စဝ်လုံဟုံမိန်းရဲ့ချောမောလှပတဲ့ ရှမ်းမင်းသမီး လေးပေါ့။
အမွှာမွေးဖွားခဲ့ခြင်း ဖြစ်ရာ စောမွန်လှသည် အကြီးဖြစ်ပြီး မောင်တော် ခွန်ကော်လန်းသည် အငယ်ဖြစ်ပါတယ်။
စောမွန်လှကို မွေးဖွားချိန်၌ မိန်းမောလုံ ဟော်နန်းတွင်းရှိ စစ်လက်နက်ပစ္စည်းများသည် အရောင်ဖြိုးဖြိုး ဖြောက်ဖြောက်များ လင်းလက်ပြီး လှုပ်ရှားခါရမ်းခဲ့သည် ဟုဆိုကြပါသည်။
ဒါကြောင့်လည်း တစ်ချိန်မှာ ဘုရားတွေတည် သာသနာပြုနိုင်ခဲ့တဲ့ ငယ်ရွယ်သူ ရှမ်းမင်းသမီး လေးစောမွန်လှကို ပါရမီရှင်လို့ တင်စားကြတာ ပေါ့လေ။
(ထိုသို့ဖြစ်ခြင်းကို ရှမ်းဘာသာအရ လတ်လှိုင်းသည်ဟု ခေါ်ဆိုပြီး ဆန်းကြယ်ခြင်းဟု အဓိပ္ပာယ်ရသည်ဆို၏)
ထို့ကြောင့် သမီးတော်လေးအား စဝ်မိန်းလတ် ဟုအမည်ပေးခဲ့ပြီး အချို့က စဝ်မွန်းလတ် ဟုခေါ်ဆိုခဲ့ကြတယ်။
အဆိုပါ စဝ်မွန်းလတ်ကို ဗမာဘာသာဖြင့် ပြန်ဆိုရေးသားရာမှ စောမွန်လှ ဟုခေါ်ဆိုရေးသားခဲ့ခြင်းဖြစ်သည်ဟုလည်းဆိုကြပါတယ်။
သမီးတော်စောမွန်လှဟာခမည်းတော် မိုင်းမောဝ်စော် ဘွားကြီးနဲ့ မယ်တော်မဟာဒေဝီတို့ နှုတ်တိုက်သင် ကြားပေးခဲ့တဲ့
”ဗုဒ္ဓံပူဇေမိ၊ ဓမ္မံပူဇေမိ၊ သံဃံ ပူဇေမိ”တို့၊ ”ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံဂစ္ဆာမိ”ဆိုတဲ့ သရဏ ဂုံသုံးပါးတို့ကို အမြဲရွတ်ဖတ်သရဇ္ဈာယ်နေလေ့ ရှိတယ်လို့ဆိုကြပါတယ်။
ဒါတွေကို ကြည့်ခြင်းအားဖြင့် ရုပ်ရည်အလှတရားသာမက၊ စိတ်နေစိတ်ထား၊ ကိုယ် အမူအရာတွေကလည်း တစ်ချိန်မှာ မိုင်းမောဝ် ဧကရီလို့ တင်စားလာခဲ့ရတာပါဖြစ်ပါတယ်။
အနော်ရထာမင်းလက်ထက်တွင် ပထမမြန်မာနိုင်ငံတော်ကြီးကို စုစည်းတည်ထောင်နိုင်ခဲ့ရုံသာမက ပုဂံနေပြည်တော်တွင်ကြီးစိုးနေသော အရည်းကြီးတို့၏ အယူဝါဒကို ဖယ်ရှားကာ ရှင်အရဟံ၏ သွန်သင်မှုဖြင့် ထေရဝါဒဗုဒ္ဓဘာသာကို ပြန့်ပွားစေခဲ့သည်။
ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သွားသော အနော်ရထာမင်းသည် စေတီပုထိုးများကို တည်ထား ကိုးကွယ်ရုံသာမက မြတ်ဗုဒ္ဓ၏ သရီရဓာတ်တော်များကိုပါ ရယူပူဇော်နိုင်ရန် ကြိုးပမ်းခဲ့ပါတယ်။
ဥတည်ဘွားမင်း စိုးစံနေသည့် ဂန္ဓာလရာဇ် တရုတ်ပြည်၌ ဗုဒ္ဓဘုရားရှင်၏ လက်ဝဲ စွယ်တော်မြတ်ရှိသည် ကြား၍ စွယ်တော် ပင့်ဆောင်ယူရန် စစ်သည် ဗိုလ်ပါ များစွာနှင့် ချီတော်မှုခဲ့ပါတယ်။
ကျန်စစ်သား စသော လူစွမ်းကောင်း လေးဦးနှင့် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းငယ် တို့လည်းပါသည်။
တရုပ်ပြည်မှပေးသောစွယ်တော်မြတ် ကိုကား အနော်ရထာမင်း အဓိဋ္ဌာန်၍ ပင့်သော်လည်း တရုတ်ပြည်တွင်သာ သာသနာငါးထောင်တိုင်အောင် တည်ရှိမည်ဟူသော ဗျာဒိတ်အရ ပင့်ဆောင်၍မရခဲ့ချေ။
သို့ရာတွင် သိကြားမင်း ပေးဆက်သည်ဟုဆိုသော မြဆင်းတု တစ်ဆူကိုကား ပင့်ဆောင်နိုင်ခဲ့သည်ဟု မှတ်တမ်းများကဆိုကြပါတယ်။
အဲဒီကို အသွား မှာကတည်းက မိုင်းမောဝ်စော်ဘွားဆီအဝင်မှာပဲ ရှေးပါရမီရေစက်ကြောင့် စောမွန်လှကိုအနော်ရထာမင်းကြီးကမေတ္တာသက်ဝင်ခဲ့ပါတယ်။
တချို့အဆိုအ ရကောင်းခြင်းငါးဖြာနဲ့ ပြည့်စုံတဲ့မောဝ်ရှမ်းမင်းသ မီးကို အနော်ရထာမင်းက လက်ဆက်ခွင့်တောင်းခဲ့တယ်လို့လည်းဆိုပါတယ်။
ဒါကြောင့်လည်း တရုတ်ပြည်ကို စွယ်တော် သွားဖူးရာကနေ အပြန်ခရီးမှာ စောမွန်လှတို့ နန်းတော်ရှိရာ ရွှေလီမြစ်အနီးမှာ စခန်းချ နားနေတဲ့ အနော်ရထာ မင်းကြီးကို ရှမ်းစော်ဘွားကြီးက သွားရောက်တွေ့ဆုံပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး လက်ဆောင်အဖြစ် သမီးတော် စောမွန်လှကို ပဏ္ဏာဆက်လာခဲ့ပါတယ်။

ချောမောလှပသိမ်မွေ့ပြီး အသားအရေ ညက်ညောဖြူစင်လှကာ သူမ မတ်တပ်ရပ်လိုက်ရင်တောင် အရပ်နဲ့ညီမျှအောင် ရှည်လျားလှတဲ့ ဆံနွယ်မည်းမည်းနက်နက်တွေကို ပိုင်ဆိုင်တဲ့ ရှမ်းမင်းသမီး စောမွန်လှကို အနော်ရထာမင်းကြီးက ရှမ်းစော်ဘွားကြီးရဲ့ လက်ဆောင်အဖြစ် မြတ်မြတ်နိုးနိုး သိမ်းပိုက်ပြီး ပုဂံရွှေနန်းတော်ဆီကို ခေါ်ဆောင် သွားခဲ့တာ ဖြစ်ပါတယ်။
မိုင်းမောဝ်နယ်မှ ရွှေလက်တွဲ၍ ပြန်လာကြ သော ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးနှင့် မောဝ် ရှမ်းမင်းသမီးလေး စောမွန်လှတို့ဟာ (ကျော်စဉ်)အရပ်ကို ဆိုက်ရောက်ကြပါတော့တယ်။
(ကျော် စဉ်တစ်လွှား)ဆိုတာက
-တောင်ကိုလားရင် ဒုဋ္ဌဝတီမြစ်(မြစ်ငယ်မြစ်ဖျားပိုင်း)၊
-မြောက်ကိုလား ရင် မတ္တရာမြစ်၊
-အနောက်ကိုလားရင် ဧရာဝတီ မြစ်၊
-အရှေ့ကိုလားရင် တောင်ခြေ၊
အဲဒီကြားထဲ က တောင်မြောက်မိုင်လေးဆယ်ရှိတဲ့ မြေကွက် (လေးနယ်ကြား) ဒေသကြီးကို တစ်ချိန်က(ကျော် စဉ်တိုက်)လို့လည်း ခေါ်ခဲ့ကြတာပါ။
တောင်ပြုံးရွာဆိုတာလည်းအဲဒီနေရာပါပဲ။
အဲဒီနေရာရောက်တော့ အနော်ရထာမင်း ကြီးနဲ့ မိဖုရားမောဝ်ရှမ်းမင်း သမီးလေးတို့ဟာ ဆုတောင်းပြည့်စေတီကို တည် ခဲ့ကြပါတယ်။
ယနေ့ခေတ်မှာခေါ်ခေါ်နေကြတဲ့ တောင်ပြုံးဆုတောင်းပြည့် (အုတ်နှစ်ချပ်လပ်) ဘုရားဖြစ်ပါတယ်။
မန္တလေးတောင်တော်ရဲ့မြောက် ဘက်တည့်တည့် ရှစ်မိုင်လောက်အကွာ၊ မတ္တရာ မြို့နယ်ထဲမှာ ရှိပါတယ်။
ဆုတောင်းပြည့်စေတီတော် ကိစ္စပြီးတာနဲ့ အနော်ရထာမင်းကြီးဟာ မိဖုရားစောမွန်လှနဲ့အတူ နောက်လိုက်ဗိုလ်ပါ ခြံရံပြီး၊ ပုဂံနေပြည်တော်ဆီကို စုန်ဆင်းလာခဲ့ပါတယ်။
ဒီလို ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာ ရင်း လမ်းမှာ ရွှေကြက်ယက်ဘုရား၊ ရွှေကြက်ဘု ရားတို့ကိုလည်းတည်တော်မူခဲ့ပါတယ်။
အနော်ရထာမင်းသည် ပုဂံသို့ ရောက်ရှိသောအခါ မင်းသမီးလေး စောမွန်လှကို အလွန်မြတ်နိုးသဖြင့်မိဖုရားအဖြစ်ချီးမြှောက်ကာ အဆောင် အယောင်အပြည့်အစုံဖြင့်အပါးတော်၌ အမြဲလိုလို ထားတော်မူခဲ့သည်။
ရှမ်းမင်းသမီးလေးစောမွန်လှသည် အနော်ရထာမင်းနှင့် လက်ဆက်ချိန်တွင် အသက် (၂၈ )နှစ် ခန့်ရှိပြီဖြစ်ပါတယ်။
စောမွန်လှသည် အနော်ရထာမင်း၏ အချစ်ဆုံးနှင့် နောက်ဆုံးမိဖုရားလည်းဖြစ်ခဲ့ပါတယ်။
စောမွန်လှသည် ဘာသာတရား ကိုအလွန်ရိုသေကိုင်းရှိုင်းသူတစ်ဦး ဖြစ်သလို မိန်းမောလုံမှ ပါရှိလာသော သူမ၏နားတောင်းတွင်ဘုရားဓါတ်တော်များ ကိန်းဝပ်၍ ဌာပနာထားကာဝတ်ဆင်ထားသည်ဟုလည်းဆိုကြပါတယ်။
ထိုကြောင့် စောမွန်လှ ဘုရားရှိခိုး ၀တ်ပြုစဉ်တွင် ထိုနားတောင်းမှ ရောင်ခြည်များ ထွန်းတောက် ကွန့်မြူးလေ့ရှိပါတယ်။
အနော်ရထာ၏ ချစ်မြတ်နိုးမှုကို ခံယူရသူ၊ ကိစ္စကြီးငယ် ဟူသမျှကို အတိုင်ပင်ခံရသူ စောမွန်လှကို မိဖုရားအချို့နှင့် အခြားမောင်းမမိဿံ တို့က မနာလိုမှုများ ဖြစ်ကာ မင်းကြီးအား စောမွန်လှသည် ကဝေအတတ်များ တတ်မြောက်သူ ဖြစ်ကြောင်း၊
သူမ၏ နားတောင်းမှ ဓာတ်တော်အလင်းရောင် သည်စုန်းတောက်ခြင်းသာ ဖြစ်ကြောင်း ကုန်းချောကြသည်။
အနော်ရထာသည် စောမွန်လှကို လွန်စွာ မြတ်နိုးသူ ဖြစ်သောကြောင့် လာရောက် ကုန်းချောသူများကို ပြင်းပြင်းထန်ထန် တုံ့ပြန် ပြောဆိုခဲ့တယ်။
ဤတွင် အချို့ မောင်းမများက မင်းကြီးအား စောမွန်လှက ပြုစားထားသောကြောင့် ယခုကဲ့သို့ ပြောဆိုနေခြင်း ဖြစ်သည်ဟု နန်းတွင်း၌ စကားရှုပ်ကြပြန်ပါတယ်။

ထိုစကားများသည် အနည်းနှင့်အများဆိုသလို မင်းကြီးနှင့် စောမွန်လှတို့နှစ်ဦးထံ ပြန်လည်ပေါက်ကြားလာခဲ့သည်။
ထိုအခါချစ်ကြသူနှစ်ဦးအတူနေကြရမည့် နေ့ရက်များသည် ကုန်ဆုံးခါနီးပြီကိုလည်း နှစ်ဦးသား သဘောပေါက်လာကြပါတယ်။
များမကြာမီ စောမွန်လှသည် အနော်ရထာမင်းအား မိမိအနေဖြင့် ရှမ်းပြည်သို့ ပြန်၍ သာသနာပြုလိုကြောင်း လျှောက်တင်ကာ နေပြည်တော်မှ ထွက်ခွာရန်ပြင်ဆင်ပါတော့တယ်။
အနော်ရထာသည် စောမွန်လှကို လွန်စွာမြတ်နိုးသဖြင့် ထိုသို့လျှောက်တင်သည်ကို စိတ်မချမ်းမြေ့သော်ငြား အခြေအနေအရပ်ရပ်ကို ဆင်ခြင်ကာ ပြန်ခွင့်ပေးတော်မူခဲ့ရပါသည်။
ထိုသို့ မင်းသမီးစောမွန်လှ ပုဂံပြည်မှ ထွက်ခွာသည့်အချိန်သည် အနော်ရထာအနေဖြင့် ရွှေစည်းခုံစေတီတော်ကို တည်နေဆဲကာလ ဖြစ်သည်ဟုလည်းဆိုသည်။
မင်းသမီးလေး စောမွန်လှသည် ပုဂံပြည်မှထွက်ခွာလာပြီး(၁၀)ရက်
မြောက်သောနေ့၌ ယနေ့ မန္တလေးမြို့မှ ပြင်ဦးလွင်အတက်လမ်း (၁၃ )မိုင်လောက်ဝေးတဲ့ နေရာမှာရှိတဲ့ ပန်းချောင်း(နား ဋောင်းကျချောင်း)ကို ရောက်ခဲ့ပါတယ်။
ရှေးယခင်က တော့ ပန်းချောင်းလို့ပဲ ခေါ်ခဲ့ပါတယ်။တောင်မြောက်စီးဆင်းနေပြီး ဒုဋ္ဌဝတီမြစ်ထဲ စီးဝင်ခဲ့တဲ့ ချောင်းပါ။
၎င်းစမ်းချောင်းငယ် တစ်ခုအနီးတွင် ခေတ္တအနားယူကာ အိပ်စက်ခဲ့ကြပါတယ်။
နောက်အဲဒီချောင်းကို စောမွန်လှတို့ ဖြတ်ကူး တဲ့အခါ(ပါးစပ်ရာဇဝင်အချို့အဆိုအရ) စောမွန် လှဟာ ခါးဝတ်တော်ကိုခေါင်းပေါ်တင်ကူးမိလို့ နားတောင်းတော်ချောင်းထဲ ကျခဲ့တယ်ဆိုပါတယ်။
ဒါ ကြောင့်လည်း နားဋောင်းကျချောင်းလို့ ခေါ်ခဲ့တာ ပါတဲ့။
ပြန်ကောက်တော့လည်း မရ၊ ရေအောက် မှာပဲ အရောင်အဝါတောက်ပနေခဲ့ပါတယ်။
နားတောင်းတော်ရဲ့ အရောင်အဝါတွေကြောင့် ဝန်း ကျင်ကောင်းကင်ယံမှာ စာငှက်ငယ်တွေဝန်းရံပြီး မွေတော်ပြာဋိဟာ ပြခဲ့ပါတယ်။
စောမွန်လှလည်းရှိခိုးပူဇော်အဓိဌာန်ပြုလိုက်တဲ့အခါမှာတော့ နားတောင်းတော်ဟာ နားဝယ်ပန်မြဲဖြစ်လာပါတော့ တယ်။
စောမွန်လှသည် ကြီးစွာသော သဒ္ဓါအဟုန် ဖြစ်ပေါ်ကာ ရောင်ခြည်တော်လွှတ်သောနားတောင်း တစ်ဖက်နှင့် ဓါတ်တော်တို့ကို ဌာပနာ၍ ဥာဏ်တော်ငါးတောင်အမြင့် ရှိသော စေတီတော် တစ်ဆူကို မိမိနှင့်အတူပါလာသော အခြွေအရံ၊ တပ်သားများ၏ လုပ်အားဖြင့် တည်ထားခဲ့ပါတယ်။
ဘုရားမုခ်ဝကိုလည်း မွေးရပ်မြေ အရှေ့မောရှမ်းပြည် ဖက်သို့ လှည့်ထားလေသည်။
ထိုသို့ စေတီတည်သည်ကို အနော်ရထာမင်း ကြားသိသော် ဘုရားမုခ်ကို မည်သည့်ဘက်သို့ လှည့်သည်ကို သိရှိလို၍ မြင်းသည်တော်
များကို စေလွှတ်ကြည့်ခိုင်းခဲ့တယ်လို့ဆိုကြပါတယ်။
(စောမွန်လှသည် မိမိအား ချစ်မြတ်နိုးလျက်ကပင် မတတ်သာ၍ ခွဲခွာသွားရခြင်းဟု မှတ်ယူပါက ဘုရားမုခ်ဝအား ပုဂံပြည်ဘက်သို့ လှည့်ထားပေလိမ့်မည်ဟု မျှော်လင့်ကာ စေလွှတ်ရှာခြင်း ဖြစ်သည်။)
မြင်းသည်တော်များသည် နေ့မအား ညမနား ဒုန်းစိုင်းစီးလာကြရာ စောမွန်လှထံ ညအချိန်တွင် ဆိုက်ရောက်သည်။
စောမွန်လှသည် မြင်းသည်တော်
များထံမှ အနော်ရထာ၏ မျှော်လင့်ချက်ကို ကြားသိရသည်တွင် စိတ်မကောင်းဖြစ်သွားခဲ့သည်။
ထို့နောက် မြင်းသည်တော်များကို အိပ်စက်အနားယူစေကာ ညတွင်းချင်းပင် စေတီမုခ်ဝကို အရှေ့ဖက်မကျ အနောက်ဖက်မကျ ပြင်ဆင်ဖောက်လုပ်ခဲ့သည်။
မနက်လင်းလျှင် ပုဂံသားများအား ပြင်ဆင်ဖောက်လုပ်ထားသော မုခ်ဝကိုပြကာ မိမိသည် မွေးရပ်မြေကို လွမ်းဆွတ်သကဲ့သို့ အနော်ရထာမင်းကြီးအားလည်း ချစ်မေတ္တာမပျက်ပါကြောင်း လျှောက်တင်စေခဲ့သည်။
မည်သို့ပင်ဆိုစေ စောမွန်လှ နားတောင်းကျခဲ့သော ချောင်းကို ယနေ့တိုင် (နားတောင်းကျချောင်း)
ဟု ခေါ်ကာ စောမွန်လှ နားတောင်းမှ ရောင်တော်လွှတ်စဉ် စာပုတီးငှက်များ ခြံရံနေခြင်းကြောင့်ထိုနားတောင်းဖြင့် တည်သော စေတီတော်အား (ရွှေစာရံဘုရား )
ဟုခေါ်ဆိုသမုတ်ခဲ့ပါတယ်။
စေတီမုခ်ကိုအရှေ့ဘက်မကျ ၊အနောက်ဘက်မကျကို အနော်ရထာမင်း ကြားသိရသော ကျေနပ်ဝမ်းမြောက် သည်နှင့်အညီ ၎င်းဘုရား ပတ်လည်တွင် မြေတာတစ်ထောင် လှူတော်မူခဲ့ပါတယ်။
(နောင်အခါ အလောင်းစည်သူမင်းက မြေထပ်၍ လှူတော်မှုသည်။ အင်း၀မိုးညှင်းမင်းတရားကြီး (မိုးညှင်းသတိုး) လက်ထက်တွင် ဘုရားကိုအတောင် ၃၀- အထိမြှင့်၍ တည်တော်မူသည်။)
ယနေ့ထက်တိုင်ရွှေစာရံဘုရားပွဲ တော်ကို နှစ်စဉ် တပေါင်းလပြည့်နေ့မှ တပေါင်း လပြည့်ကျော် ၉ ရက်နေ့ထိ ကျင်းပခဲ့ကြပါတယ်။
ရှမ်းမင်းသမီးလေး စောမွန်လှ ဟာအပြန်ခရီး လမ်းတလျှောက်တွင် ရွှေစာရံစေတီအပါအဝင်စေတီပေါင်းရှစ်ဆူ တည်ခဲ့ပြီး ဆက်လက်၍ ခရီးဆက်ခဲ့ရာ ယခုသီပေါမြို့နား အရောက် ဆားထွက်ရှိရာအရာ အရပ်၌ ကိုးဆူမြောက် စေတီအား ကျန်ရှိသော နားတောင်းတစ်ဖက်ကို ဌာပနာ၍ (၇-တောင်) အမြင့်ရှိသော စေတီတစ်ဆူ ထပ်မံတည်ခဲ့ပြန်ပါတယ်။
(ထိုစေတီကို ရှမ်းတို့က ကောင်းမူးမော်ကေ ဟု ခေါ်သည်။
ကောင်းမူးသည် ရှမ်းဘာသာဖြင့်-စေတီတော်၊ မော်ကေသည်-ဆားတွင်း ဟုအဓိပ္ပါယ်ရပါသည်။ မြန်မာတို့က ဘော်ကြိုဘုရား ဟုခေါ်ဆိုကြသည်။)
(အချက်အလက်မတူသောမူကွဲသမိုင်းအချို့လည်းရှိပါတယ်)
ပုဂံနန်းတွင်းမှ သမီးတော်လေး ထွက်ရှိလာခဲ့ကြောင်းကို ဖခင် မိန်းမောစော်ဘွားကြီး သိရှိသောအခါ သားတော် ဥပရာဇာ စဝ်ကော်လျန်း အား အခြံအရံတပ်များနှင့်အတူ စေလွှတ်၍ သမီးတော် စောမွန်လှအား သွားရောက်ကြိုဆို စေသည်။
သို့သော် လမ်းခရီးကြမ်းတမ်းခြင်း၊ မိမိ ချစ်သောသူနှင့်ကွေကွင်းရခြင်း၊ ရာသီဥတုအပြောင်းအလဲတို့ကြောင့် စောမွန်လှသည် မောင်တော် စဝ်ကော်လျန်း၏ အကြိုတပ်နှင့်လည်း မတွေ့ဆုံ မိန်းမော နေပြည်တော်သို့ လည်းမရောက်မီ ယခု သီပေါမြို့အနီး လမ်းခုလတ်မှာပင် အဖျားရောဂါဖြင့် ကံတော်ကုန်ခဲ့ရပါတယ်။
စော်ဘွားကြီးဟာ သမီးတော်စောမွန်လှ ကို ရည်စူးပြီး အဲဒီနေရာ ဒုဋ္ဌာဝတီမြစ်(နမ္မတူမြစ်) ကမ်းနဖူးမှာ စေတီတစ်ဆူတည်ထားပြီး ရုပ်ပွား တော်၊ ဆင်းတုတော်နဲ့ သရီရဓာတ်တော်တွေ ဌာပနာခဲ့ပါတယ်။
အဲဒီစေတီကတော့ ယနေ့တိုင် ဖူးတွေ့နိုင်တဲ့ ‘စောမွန်လှစေတီ(ခေါ်) ရှင်မွန်လှ စေတီပဲဖြစ်ပါတယ်။
အစ်မတော်ကံတော်ကုန်ပြီဟု ကြားသိရသော မောင်တော် စဝ်ကော်လျန်း သည်လည်း အချို့ အမွှာပူးတို့၏ ထုံးစံအရ အစ်မတော်နှင့် မရှေးမနှောင်း မှာပင် ကံကုန်ခဲ့ရ
ရှာလေသည်။
နှစ်ပေါင်းတစ်ထောင်နီးပါး ရှိပြီ ဖြစ်ပေမဲ့ စောမွန်လှဟာရာဇဝင်ထဲမှာ ထင်ရှားဆဲပါ။
စောမွန်လှအတွက် ရည်စူးပြီး အလှူဒါနများ ၊ ပွဲလမ်း သဘင်များကိုလည်း ခုချိန်ထိ ကျင်းပနေဆဲဖြစ်ပါတယ်။
စောမွန်လှ မွေးဖွားရာစယ်လန့် နန်းတော်ဟောင်း နေရာမှာလည်း စောမွန်လှ အမှတ်တရ စေတီအပြင် စောမွန်လှအတွက် နန်းဆောင်နဲ့အတူ စောမွန်လှရဲ့ ရုပ်တုများကိုလည်း ထုလုပ်ပူဇော်ခဲ့ပါတယ်။
ရှမ်းမင်းသမီးလေး စောမွန်လှအကြောင်းကို လေ့လာမိရာတွင်
ပထမမြန်မာနိုင်ငံတော်၏ စိတ်ဝင်စားဖွယ် ဖြစ်ရပ်များအနက်မှ ဆွတ်ပျံ့ကြည်နူးဖွယ်နှင့် ဝမ်းနည်းကြေကွဲဖွယ်ရသတို့ကိုပေးစွမ်းနိုင်သည့် ဖြစ်ရပ်တစ်ခုအဖြစ် သုံးသပ်မိပါတော့တယ်။
Crd
