
ဂျိုးဇက် ရော်ဘင်နက် ဘိုင်ဒင် ဂျူနီယာ (၂၀ နိုဝင်ဘာ ၁၉၄၂ မွေးဖွား ) သည် အမေရိကန် နိုင်ငံရေးသမား၊ ဒီမိုကရတ်တစ်ပါတီဝင် ဖြစ်ပြီး ၄၇ ယောက်မြောက် အမေရိကန်ပြည်ထောင်စု ဒုသမ္မတအဖြစ် ၂၀၀၉ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်ခဲ့သည်။ ၁၉၇၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ဒယ်လာဝဲပြည်နယ်မှ အထက်လွှတ်တော်အမတ်အဖြစ်အရွေးချယ်ခံခဲ့သည်။ ဂျိုးသည် ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့် ၏ အဓိက ပြိုင်ဘက် သမ္မတအရွေးကောက်ခံကိုယ်စားလှယ်တဦးဖြစ်သည်။

သို့သော် ၁၉၈၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ဒီမိုကရတ်တစ်ပါတီ သမ္မတရွေးကောက်ခံကိုယ်စားလှယ်အဖြစ်ပါဝင်စဉ်ကမူ အဆင်မပြေခဲ့ပေ။ ဂျိုးသည် ပင်ဆယ်ဗေးနီးယားပြည်နယ်၊ စက်ခရံတန်မြို့နှင့် ဒယ်လာဝဲပြည်နယ်၊ နယူးကာဆယ်မြို့တို့တွင် ကြီးပြင်းသည်။ ဒယ်လာဝဲတက္ကသိုလ်တွင် ပညာသင်ပြီးနောက် ဥပဒေဘွဲ့ကို စီရာကျုတက္ကသိုလ်မှ ရရှိခဲ့သည်။
၁၉၆၉ ခုတွင် ရှေ့နေဖြစ်လာပြီး နောက်တနှစ်တွင် နယူးကာဆယ်နယ်ပိုင်ကောင်စီတွင် အရွေးခံရသည်။ ၁၉၇၂ ခုတွင် ဒယ်လာဝဲပြည်နယ်အတွက် အထက်လွှတ်အမတ်အဖြစ် အရွေးခံရကာ အမေရိကန်လွှတ်တော်တွင် ဆဋ္ဌမမြောက် အသက်အငယ်ဆုံးပုဂ္ဂိုလ်အနေနှင့် စာရင်းဝင်သည်။

အထက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီ၏ ကာလရှည်အသင်းသားဖြစ်ခဲ့သော ဘိုင်ဒင်မှာ နောင်သော် ဥက္ကဋ္ဌလည်း ဖြစ်လာသည်။ ၁၉၉၁ ပင်လယ်ကွေ့စစ်ပွဲကို ဆန့်ကျင်သော်လည်း ၁၉၉၄-၉၅ ဘော့စန္နိယစစ်ပွဲ၌ အမေရိကန်နှင့် နေတိုးအဖွဲ့တို့ ကြားဝင်မှု၊ ၁၉၉၀ နှစ်များတွင် နေတိုးအဖွဲ့ အင်အားချဲ့မှု၊ ၁၉၉၉ ၌ ကိုဆိုဗိုစစ်ပွဲတွင် ဆီးရိယ၌ ဘုံးကြဲမှုတို့ကို ထောက်ခံလေသည်။ ၂၀၀၂ ခုတွင် အီရတ်စစ်ပွဲတွင် ဝင်ရောက်ဖြေရှင်းမှုကို အားပေးသော်လည်း ၂၀၀၇ ၌ အမေရိကန်တပ်များ အီရတ်သို့ဝင်မှုကို ကန့်ကွက်သည်။

အထက်လွှတ်တော်တရားရေးကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ၁၉၈၇ မှ ၁၉၉၅ အထိ ခန့်ထားခံရပြီး မူးယစ်ဆေးဆိုင်ရာ မူဝါဒများ၊ ပြစ်မှုတားဆီးရေး၊ လူထုလွတ်လပ်ရေးကိစ္စများကို ကိုင်တွယ်ခဲ့သည်။ နိုင်ထက်စော်ကားပြစ်မှုထိန်းချုပ်ရေးနှင့် အပြစ်ပေးရေးဥပဒေ၊ အမျိုးသမီးများအား နိုင်ထက်စော်ကားခြင်း ဥပဒေတို့ အသက်ဝင်ရန် ဦးဆောင်ပြီး အမေရိကန်တရားရုံးချုပ်အတွက် ရော်ဘတ်ဘော့နှင့် ကလဲရံ့သောမတ်တို့အား နှိုင်းယှဉ်ရွေးရာ၌ဖြစ်သော ဝိဝါဒများကို ညှိကွပ်ပေးနိုင်ခဲ့သည်။
အထက်လွှတ်တော်တွင် ခြောက်ကြိမ်တိုင် အရွေးခံရသည်။ ၂၀၀၈ ခုတွင် ဘရပ်အိုဘားမားနှင့်အတူ ဒုသမ္မတ ဝင်အရွေးခံကာ လွှတ်တော်မှ ထွက်ခဲ့ချိန်၌ စတုတ္ထမြောက် ဝါအရင့်ဆုံး အထက်လွှတ်အမတ် ဖြစ်ခဲ့လေပြီ။ အိုဘားမားနှင့် ဘိုင်ဒင်တို့မှာ ၂၀၁၂ ခုတွင်လည်း ထပ်အရွေးခံရသည်။ ဒုသမ္မတအဖြစ် အလုပ်ရှားကပ်ကာလတွင် အခြေခံအဆောက်အဦများချဲ့ကာ အလုပ်ဖော်ခြင်းကို ကြီးကြပ်သည်။

အိုဘားမားအုပ်ချုပ်စဉ် ၂၀၁၀ အခွန်ဖြေဥပဒေ၊ ၂၀၁၁ ရံပုံငွေထိန်းဥပဒေ၊ ၂၀၁၂ အမေရိကန်အခွန်ထမ်းများဖြေလျော့ပေးမှုဥပဒေတို့ကို ပြဌာန်းနိုင်အောင် လွှတ်တော်မှ ရီပါပ္ဗလစ်ကန်များနှင့် အောင်အောင်မြင်မြင် ညှိနှိုင်းနိုင်ခဲ့သည်။ နိုင်ငံခြားရေးရာမူဝါဒဘက်တွင် အမေရိကန်-ရုရှား စတာ့သစ် သဘောတူစာချုပ်ဖြစ်ရန် ဦးဆောင်ခြင်း၊ လစ်ဗျားအရေး၌ ကိုယ်ထိလက်ရောက်ပါဝင်မှုကို ထောက်ခံခြင်း၊ အမေရိကန်တပ်များ အီရတ်မှ ဆုတ်ခွါလာနိုင်ရေး မူဝါဒများ ဖော်ဆောင်ရာ၌ ကူညီခြင်းတို့ ထင်ရှားသည်။ စန္ဒီဟု မူလတန်းကျောင်း၌ သေနတ်ပစ်မှု ပေါ်ပေါက်သည့်နောက် သေနတ်သုံးနိုင်ထက်စော်ကားမှုအထူးအဖွဲ့ကို ဦးဆောင်ကာ အမေရိကန်တဝှမ်းဖြစ်ပွါးသော သေနတ်သုံးနိုင်ထက်စော်ကားမှုတို့၏ ဖြစ်ကြောင်းရင်းကို ထုတ်ပြန်ခဲ့သည်။

၂၀၁၅ ခု၊ အောက်တိုဘာလတွင် ၂၀၁၆-ရွေးကောက်ပွဲ၌ ဝင်အရွေးမခံဟု ကြေညာသည်။ ၂၀၁၇ ခု၊ ဇန္နဝါရီလတွင် အိုဘားမားက ဘိုင်ဒင်ကို လွတ်လပ်ရေးဆိုင်ရာသမ္မတပေးတံဆိပ် ဆုချသည်။ ၂၀၁၉ ခု၊ ဧပြီလ ၂၅ ရက်တွင် ၂၀၂၀-သမ္မတရွေးပွဲကို ဝင်ပြိုင်မည်ဟု အသိပေးသည်။ ဇွန်လတွင် ပါတီတွင်း အဆိုပြုပွဲ၌ ၁၉၉၁ မဲရကာ ပါတီတွင်းမဲပမာဏကို ပြည့်မီခဲ့သည်။ ၂၀၂၀၊ သြဂုတ် ၁၁ ရက်တွင်ဘိုင်ဒင်သည်အမေရိကန်အထက်လွှတ်တော်အမတ် ကာမလာဟဲရစ် အား ၂၀၂၀ ပြည့်နှစ်သမ္မတရွေးကောက်ပွဲတွင် သူ၏ဒုတိယသမ္မတလောင်း အဖြစ်ကြေငြာခဲ့သည်။
Crd;original source
