
နာမည်လေးကြားလိုက်တာနဲ့ ငယ်ဘ၀ကို ပြန်သတိရစေတဲ့အထိအရေးပါခဲ့တဲ့ memory တစ်ခုပါ။ ၉၀ ခုနှစ်တွေမှာမွေးတဲ့ စာရေးသူအပါအ၀င် လူငယ်တော်တော်များများ ဒီနာမည်နဲ့မစိမ်းပါဘူး။

ခေတ်ကာလက စမတ်ဖုန်းတွေလည်းမပေါ်သေးသလို တီဗီမှာတောင် မြ၀တီ မြန်မာ့အသံ ရုပ်သံနှစ်လိုင်းပဲ ကြိုက်ရာရွေးရတဲ့ အချိန်ပါ။ အဲ့နှစ်လိုင်းကလည်း ပိတ်ရက်တွေသာ မြန်မာဇာတ်ကားတို့ ကာတွန်းကားတို့ပြတာ။ ရုံးဖွင့်ရက် ကျောင်းဖွင့်ရက် နေ့လည်နေ့ခင်းဆို ဘာမှမလာတာရယ်။ ဆိုတော့ … တီဗီ ကြည့်ရင်ကြည့် မကြည့်ရင် လမ်းထဲက ရွယ်တူကလေးတစ်သိုက်နဲ့ ဂေါ်လီရိုက် ပုံပစ် ဇယ်တောက် တူတူပုန်း ရှိရှိသမျှ ကစားနည်းအကုန်ဆော့တာပါပဲ။ ဘာအပူပင်မှလည်းမရှိသေးတဲ့ ကာလကိုး။ အဲ ဆော့လို မောပြီ ဒါမှမဟုတ် နေ့ခင်း နေပူနေလို့ လူကြီးတွေက အိမ်ထဲ၀င်တော့ ဆိုရင် စာရေးသူတို့ မပျင်းအောင် ဖျော်ဖြေပေးခဲ့တဲ့သူဟာ စာအုပ်အငှားဆိုင်လေးတွေပါ။ အပြင်မှာနေပူနေလို့ ကိုယ့်အိမ်ထဲမှာ ဒါမှမဟုတ် အရိပ်တစ်ခုခုအောက်မှာ စာအုပ်ထိုင်ဖတ်ရတဲ့ အရသာဟာ ဘာနဲ့မှမလဲနိုင်ပါဘူး။

အဲ့တုန်းက စာအုပ်အငှားဆိုင်လေးက စာရေးသူတို့ အိမ်နဲ့လည်းနီးတော့ ပိုဖတ်ဖြစ်တယ်။ မနက်ဆို မနေ့ကငှားထားတဲ့စာအုပ်တွေ ငှားခဘယ်လောက်ကျလည်း ပေါင်း။ လွယ်အိတ်ထဲက မုန့်ဖိုး အကြွေတွေထုတ် သွားအပ်ပြီ။ တခြားသူတွေတော့မသိဘူး။ အဲ့တုန်းက စာရေးသူ စာအုပ်ဆိုင်ရောက်ရင် အင်မတန်ကိုပျော်တာပါ။ ကိုယ်ကြိုက်တဲ့စာအုပ် လိုက်လှန်လျောရှာရတာလည်း အရသာတစ်မျိုးရယ်။ အသစ်ထွက်တဲ့စာအုပ်တွေဆိုလည်း အကုန်ငှားသွားကြလို့ ကိုယ့်အလှည့်ရောက်ဖို့ဆို အတော်လေးကြာတယ်။ ကိုယ်ကလည်းအသစ်ထွက်တာနဲ့ ဖတ်ချင်တော့ ဆိုင်ကအဒေါ်ကြီးကို ကပ်ထားရသေး။

အဲ့တုန်းက စာအုပ်တစ်အုပ်မှ ငှားခဘယ်လောက်မှမရှိ။ တစ်ရက်ငှားခက ထွက်တာနဲနဲကြာတဲ့ ကာတွန်းစာအုပ်ဆို ၅၀ ၇၅ ကျပ်၀န်းကျင်၊ အသစ်ဆိုရင်တော့ ၁၀၀ ၁၅၀ လောက်ပေးရတယ်။ လုံးချင်းဝတ္ထုဆိုရင် အဟောင်းကို ၁၀၀ ၁၅၀၊ အသစ်ဆိုရင်တော့ ၂၅၀ ၃၀၀ လောက်ပေးရတယ်။ အဲ့တုန်းက ကိုယ်ကကလေးအရွယ်ဆိုတော့ ကာတွန်းပဲဖတ်တာပေါ့။ ကာတွန်းမင်းဇော်၏ဘိုဘို ဆိုတာ ထိပ်ဆုံးကပါတယ်။ နောက်ပြီး တွပ်ပီတို့ ဂျောက်ဂျက်၊ မောင်မောင်ဇာ၊ သမိန်ပေါသွပ်၊ တို့ဆိုဖတ်လို့ရှယ်ကောင်း။ အဲ့တုန်းက မုန့်ဖိုး ၂၀၀ ၃၀၀ ပဲရတဲ့ ကလေးတစ်ယောက်အတွက်တော့ ဝတ္ထုတွေက စျေးကြီးတယ်လေ။ ၀တ္ထုတစ်အုပ်ငှားခက ကာတွန်း ၃ အုပ်လောက်ငှားလို့ရနေတာကိုး။ အဲ့တော့ တော်ရုံ၀တ္ထုမငှားဖြစ်ဘူး။ ဒါပေမယ့် ကပ်စေးကုပ်ပြီးသာ မငှားဖြစ်တာ အိမ်ကအမငှားရင်တော့ သူ့စာအုပ်လုဖတ်တယ်။ တခါတလေ ကိုယ်အရမ်းကြိုက်တဲ့စာရေးဆရာဆိုရင်လည်း ပိုက်ဆံအကုန်ခံပြီးတော့ကို ငှားဖတ်တယ်။ ဆရာအကြည်တော် ရေးတဲ့ ”ဇော်က ကနေသည်” “ပြုံးရွှင်သည် ငိုတတ်သည်” “အီဖေကိုယ်တို့ရွေးကောက်ပွဲ” အဲ့စာအုပ်တွေဆိုရင် ဖတ်ခဲ့တာအရမ်းကြာပေမယ့် ခုထိမှတ်မိတုန်း။ တြိစက္က မင်းမြတ်သူရ တို့ ရေးတဲ့စွန့်စားခန်း ၀တ္ထုတွေ ဒေ၀တာ မအိုစာ တို့ရေးတဲ့ သရဲတစ္ဆ၀တ္ထုတွေ တခြားအများကြီးရှိသေးတယ်။ ဖတ်လို့မကုန် ပေါ့ဗျာ။

စာရေးသူထင်သလောက် ၂၀၁၀/၁၂ လောက်ထိတော့ စာအုပ်အငှားဆိုင်တွေ အနည်းနဲ့အများအလုပ်ဖြစ်သေးတယ်။ နောက်ပိုင်းမှာတော့ သူတို့ပျောက်ကွယ်သွားတယ်။ စာကြည့်တိုက်ယဥ်ကျေးမှုက အစားထိုးနေရာယူပေမယ့်လည်း ထင်သလောက် မအောင်မြင်ဘူး။ စာကြည့်တိုက်ဆိုတာ မြန်မာလူငယ်အတော်များများနဲ့ အလှမ်းဝေးနေဆဲ သာမန်အဆောက်အဦးတစ်ခုသာ ဖြစ်နေဆဲပါ။ စာအုပ် အငှားယဥ်ကျေးမှု ပျောက်ကွယ်သွားရတဲ့အကြောင်းအရင်းတွေကတော့အများကြီးပဲ၊ ပေါက်ကွဲလာတဲ့နည်းပညာနောက်မှာရေကာတာဆည်ကျိုးသလို ဒလဟော၀င်လာတဲ့ စမတ်ဖုန်းတွေက အဓိက အကြောင်းအရင်းလို့ပြောရမှာပဲ။

အင်တာနက်ရှိရုံနဲ့ အချိန်မရွေး နေရာမရွေးဖတ်လို့ရတဲ့ e book တွေပေါ်လာတယ်။ Google ဆိုတာ Yahoo ကိုကျော်ပြီး world wide no1 search engine ဖြစ်လာတယ်။ Keypard ဖုန်းတွေရဲ့ခေတ်ကနေ Nokia ကျဆုံးခြင်းနဲ့အတူ touch screen ဖုန်းတွေနေရာယူလာတယ်။ မြန်မာပြည်မှာ၀က်၀က်ကွဲအောင်မြင်တဲ့ Huawei G-610 ကနေစပြီး မြန်မာလူမျိုးတွေရဲ့လက်ထဲမှာ smart phone တွေ ကိုယ်ဆီကိုင်နိုင်လာတယ်။ sim card တစ်ခု ၁၅သိန်း နောက်ပြီး ၅သိန်း ခေတ်တွေကနေ လမ်းဘေး ၁၅၀၀ နဲ့ချရောင်းတဲ့ ခေတ်ကိုပြောင်းလာခဲ့တယ်။ နည်းပညာလှိုင်းလုံးကြီးရိုက်ခတ်ခြင်းဟာ လူနေမှုအဆင့်အတန်းမြင့်လာခြင်းနဲ့ မြန်မာပြည်သူလူထုကို အကျိုးကျေးဇူးများစွာ ပေးစွမ်းခဲ့သလို တစ်ဖက်က စာအုပ်တွေနဲ့ စာအုပ်အငှားဆိုင်တွေအဖို့ ခက်ခဲကြမ်းတမ်းတဲ့ကာလတွေ ကြုံတွေ့စေခဲ့တယ်။သူငယ်ချင်းအသစ်ရတော့ အဟောင်းကိုမေ့ခဲ့ကြတယ်။ ဘာလိုလို အင်တာနက်ကနေတက်ရှာလို့ရနေတဲ့ခေတ်မှာ စာအုပ်တွေဘက်ကို ဘယ်သူမှမလှည့်ကျတော့ပါဘူး။

တချို့သော အမာခံပရိတ်သတ်တွေကြောင့်စာအုပ်တိုက်တွေနဲ့ အရောင်းဆိုင်တွေကတော့ ရုန်းကန်နိုင်ခဲ့ပေမယ့် အငှားမလာတော့တဲ့ စာအုပ်အငှားဆိုင်တွေကတော့ နောက်ဆုံးမှာ ပိတ်သိမ်းခဲ့ရတယ်။ စာရေးသူတို့ရပ်ကွက်ထဲက တစ်ခုတည်းသောစာအုပ်အငှားဆိုင်လေး တံခါးပိတ်သွားခဲ့တာ ၅နှစ်ကျော်တောင်ရှိပြီထင်ပါတယ်။ အခုတော့ အဲ့ဆိုင်အဆောက်အဦးလေးတောင် မရှိတော့ဘူး။ ကားဂိုထောင်ဖြစ်နေပြီ။ အဲ့လိုဆိုင်လေးတွေပြန်မြင်ရဖို့ဆိုတာ ကောက်ရိုးပုံထဲက အပ်တစ်မျှင်ပါပဲ။

၂၀၁၉/၂၀ နှစ်ပိုင်းတွေမှာတော့ စာအုပ်လောက တစ်ဖန်ပြန်ဦးမော့လာတယ်လို့ ဆိုရမှာပါ။ ကလောင်အသစ်တွေလည်းပေါ်လာခဲ့သလို၊ အရည်အသွေးမြင့်စာအုပ်တိုက်တွေလည်း တွေ့ခဲ့ရပါတယ်။ တစ်လထက် တစ်လ စာအုပ်ထွက်ရှိနှုန်းလည်းမြင့်လာခဲ့သလို တစ်အုပ်ဆို ဆိုသလောက် စာဖတ်သူတွေကြားမှာ အောင်မြင်ခဲ့တာလည်း မြင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီလိုထွက်ရှိနှုန်းမြင့်လာတဲ့ စာအုပ်တွေကို ထွက်သမျှအကုန် ၀ယ်ဖတ်ဖို့ဆိုတာဟာလည်းကုန်စျေးနှုန်းမြင့်မားပြီး အလုပ်အကိုင်ရှားပါတဲ့ ခေတ်ကာလအတွင်းက ဝါသနာရှင်တွေကြားမှာ အခက်အခဲတစ်ခုဖြစ်လာပြန်ပါတယ်။ ဒီတော့ စာရေးသူအပါအ၀င် အားလုံးပြန်တောင်းတကြတာ အငှားဆိုင်တွေကိုပါ။

တစ်ဖက်မှာလည်းဒီအငှားဆိုင်တွေပြန်ပေါ်ပေါက်လာဖို့ဆိုတာ အခက်အခဲတွေအများကြီးရှိနေပြန်ပါတယ်။ ပြောင်းလဲလာတဲ့လူနေမှုပုံစံပေါ်မူတည်ပြီး မိရိုးဖလာ အငှားစနစ်ကနေ ခွဲထွက်ရပါမယ်။ ပြောင်းလဲရပါမယ်။ နည်းပညာအကူညီ ယူကိုယူရပါမယ်။ စာအုပ်အငှားဆိုင်တွေ ပျောက်ဆုံးခဲ့ရတာဟာ အပေါ်မှာပြောခဲ့တဲ့ စမတ်ဖုန်းတွေကြောင့်ပဲလားဆိုတော့လည်း မဟုတ်ပါဘူး။ ပြောင်းလဲလာတဲ့ လူနေမှုဘ၀ပုံစံနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် စနစ်တစ်ခုကို မဖော်ဆောင်နိုင်ခဲ့တာလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့် အတိတ်ကနေ ကျနော်တို့ သင်ခန်းစာယူစရာရှိတာတွေ ယူရပါမယ်။ ပြန်လည်ဝေဖန်ဆန်းစစ်ရပါအုံးမယ်။ဒီ့အတွက်လည်း အချိန်တစ်ခုပေးရအုံးမှာပါ။

အမှန်တိုင်းဝန်ခံရရင် စာရေးသူတို့ဟာ စာအုပ်သာ၀ယ်ထားပြီး မဖတ်ဖြစ် မဖတ်နိုင်သေးတာ ခပ်များများပါ။ ဒီစာအုပ်က ငါဝယ်ထားတာပဲ ဘယ်အချိန်ဖတ်ဖတ်ရပါတယ်လေ ဆိုပြီး တခြားနိဓဓူဝကိစ္စတွေနဲ့ပဲ အချိန်ကုန်နေရတာများပါတယ်။ စာအုပ်အငှားစနစ်တစ်ခုပြန်ရမယ်ဆိုရင် သူ့မှာ deadline တစ်ခုရှိတဲ့အတွက် စာတစ်အုပ်ကို သေချာအချိန်ပေးပြီးဖတ်ဖြစ်သွားပါမယ်။နောက်တစ်ချက်ကတော့ အပေါ်မှာပြောခဲ့တဲ့အတိုင်း ကိုယ်ဖတ်ချင်တဲ့စာတစ်ခုကို စျေးနှုန်းချိုချိုသာသာနဲ့ ဖတ်နိုင်သွားပါမယ်။ ပြန်ရမယ့် အကျိုးကျေးဇူးတွေ များပါတယ်။
ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ လိုက်လျောညီထွေ ဖြစ်စေမယ့် အောင်မြင်သော စာအုပ်အငှား ယဥ်ကျေးမှုစနစ်တစ်ခု ပြန်လည်ထွက်ပေါ်လာစေရန် ရည်ရွယ်၍ ဤဆောင်းပါးအား ရေးသားရခြင်းဖြစ်ပါတယ်။ အဆုံးထိဖတ်ပေးတဲ့အတွက်လည်း အားလုံးကိုကျေးဇူးတင်ပါတယ်။
Credit #Christopher#စာအုပ်အငှားဆိုင် #photos
