အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဘာစီလိုနာအသင်း ချန်ပီယံဖြစ်

ဘာစီလိုနာအမျိုးသမီးအသင်းနဲ့ ချယ်လ်ဆီးအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ အမျိုးသမီးချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဘာစီလိုနာက လေးဂိုး ဂိုးမရှိနဲ့ အနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ်။

ချယ်လ်ဆီးအမျိုးသားအသင်းက အက်ဖ်အေဖလားဗိုလ်လုပွဲမှာ လက်စတာကို အရေးနိမ့်လို့ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပြီးတဲ့နောက် တစ်ရက်အကြာမှာ ကျင်းပတဲ့ အမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ချယ်လ်ဆီးအမျိုးသမီးအသင်းလည်း ရလဒ်ဆိုး ကြုံခဲ့ရတာဖြစ်ပါတယ်။

ချယ်လ်ဆီးအမျိုးသမီးအသင်းဟာ အသင်းသမိုင်းကြောင်းတစ်လျှောက်မှာ အမျိုးသမီးချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဘာစီလိုနာကို ဘယ်လိုမှ ယှဉ်မကစားနိုင်ဘဲ အရေးနိမ့်သွားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအမျိုးသမီးအသင်းဟာ ဂိုးလေးဂိုးလုံးကို ပထမပိုင်း ပွဲကစားချိန် ၃၆ မိနစ်အတွင်းမှာတင် သွင်းယူခဲ့တာဖြစ်ပြီး ဒုတိယပိုင်းကိုတော့ ပွဲထိန်းရုံလောက်သာ ကစားသွားခဲ့ပါတယ်။

ဘာစီလိုနာဟာ အမျိုးသားနဲ့ အမျိုးသမီး နှစ်သင်းလုံး ချန်ပီယံလိဂ်ဆုဖလားဆွတ်ခူးနိုင်တဲ့ ပထမဆုံး ဘောလုံးအသင်းအဖြစ် မှတ်တိုင်သစ် စိုက်ထူလိုက်နိုင်ပြီဖြစ်သလို စပိန်နိုင်ငံကိုယ်စားပြု အမျိုးသမီးဘောလုံးကလပ် အသင်းတွေထဲက ချန်ပီယံလိဂ်ချန်ပီယံဆုကို ပထမဆုံး ရယူနိုင်တဲ့အသင်းအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။

Crd original uploder